Air KBZ သည် မည်သည့်ခရီးသည်ကိုမဆို စိတ်ဝင်တစားအာရုံစူးစိုက်လာစေရန်ဖမ်းစားနိုင်မည့် မြန်မာ နိုင်ငံအတွင်းမှ နေရာဒေသအတော်များများသို့ ပျံသန်းပြေးဆွဲလျက်ရှိပါသည်။ လာမည့်လများအတွင်း လေကြောင်း လိုင်းအနေဖြင့် ပျံသန်းပြေးဆွဲနေသည့် နေရာအရေအတွက်ကို ပိုမိုတိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပါသည်။ ယခု အချိန်အတောအတွင်း လက်ရှိပြေးဆွဲနေသည့်နေရာဒေသများတွင် လေ့လာသိရှိတွေ့မြင်ခံစားနိုင်မည့်အရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Air KBZ သည် မည်သည့်ခရီးသည်ကိုမဆို စိတ်ဝင်တစားအာရုံစူးစိုက်လာစေရန်ဖမ်းစားနိုင်မည့် မြန်မာ နိုင်ငံအတွင်းမှ နေရာဒေသအတော်များများသို့ ပျံသန်းပြေးဆွဲလျက်ရှိပါသည်။ လာမည့်လများအတွင်း လေကြောင်း လိုင်းအနေဖြင့် ပျံသန်းပြေးဆွဲနေသည့် နေရာအရေအတွက်ကို ပိုမိုတိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပါသည်။ ယခု အချိန်အတောအတွင်း လက်ရှိပြေးဆွဲနေသည့်နေရာဒေသများတွင် လေ့လာသိရှိတွေ့မြင်ခံစားနိုင်မည့်အရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ရန်ကုန်

၁၈၅၃ ခုနှစ်တွင် မြန်မာနိုင်ငံအောက်ပိုင်းကို ဗြိတိသျှတို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရန်ကုန်မြို့သည် အောက်မြန်မာနိုင်ငံ၏မြို့တော်ဖြစ်လာခဲ့သည်။ ရန်ကုန်မြို့၏အရှေ့မြောက်ဖက် မိုင် ၂၄၀ ခန့်အကွာရှိ နေပြည်တော် ကို အစိုးရရုံးစိုက်ရာ နိုင်ငံ၏မြို့တော်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်အထိ ရန်ကုန်မြို့သည် နိုင်ငံ၏မြို့တော်ဖြစ်ခဲ့ သည်။

မြို့တော်ဟောင်းဖြစ်သည့် ရန်ကုန်မြို့သည် ခရီးသွားများအတွက် လေ့လာဖွယ်၊ ကြည့်ရှုခံစားဖွယ်၊ စိတ်လှုပ် ရှားဖွယ်များနှင့် ပြည့်သိပ်လျက်ရှိသည်။ လေ့လာမှတ်သားရမည့် အံ့ချီးဖွယ်ကိုလိုနီခေတ်ဗိသုကာလက်ရာများ၊ ရင်သပ်ရှုမောအံ့ဩသင့်စေမည့် ဘာသာရေးဆိုင်ရာသာသနိကအဆောက်အအုံများ အများအပြားတည်ရှိနေသည်။ ဧည့်သည်တစ်ဦးအတွက်အမှန်တကယ်ရင်ဆိုင်ရမည့်မေးခွန်းမှာ မည်သည့်နေရာမှစတင်ရမည်ဆိုခြင်းပင် ဖြစ်သည်။

ရွှေတိဂုံဘုရား

ရန်ကုန်မြို့ကို ပေါ်လွင်ထင်ရှားစေသည့် ရွှေရောင်စေတီတော်ကြီးကို သရုပ်ဖော်ညွှန်းဆိုသည့်အခါ အခြားလူ အများအပြားရေးသားခဲ့သည့် (သို့မဟုတ်) ပြောဆိုခဲ့သည့် အကြောင်းအရာကို ထပ်လောင်းမဖော်ကျူးပဲ ရှောင်လွဲရန် မလွယ်ကူပါ။ ရွှေတိဂုံစေတီတော်သို့ တစ်ကြိမ်မကရောက်ရှိခဲ့ဖူးသူ တစ်စုံတစ်ယောက်အတွက် ကြီးမြတ်လှသည့် စေတီတော်ကြီးသို့ လာရောက်ဖူးမျှော်လည်ပတ်ရခြင်းနှင့်စပ်လျဉ်း၍ ပျော်ရွှင်ကြည်နူးရဆုံးခံစားချက်မှာ စေတီ တော်ကြီးကို မမြင်တွေ့ဖူးသူတစ်စုံတစ်ဦးအား ခေါ်ဆောင်လာပြီး ၎င်းတို့၏တုန့်ပြန်မှု (ရင်သပ်ရှုမောအံ့ဩသင့်မှု ကြောင့် ပြူးကျယ်သွားသောမျက်လုံး၊ ဟောင်းလောင်းပွင့်သွားသည့်ပါးစပ်နှင့် အသက်ရူသံပြင်းပြင်း) တို့ကို စောင့်ကြည့်လိုခြင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

ပေ ၃၃၀ ကျော်အမြင့်ရှိ ရွှေရောင်ဝင်းပတောက်ပြောင်နေသော စေတီတော်ကြီးသည် ရန်ကုန်မြို့သို့ လည်ပတ်ရန် ပထမဆုံးအကြိမ်ရောက်ရှိသည့် မည်သူမဆို မလွဲမသွေသွားရောက်ရမည့် နေရာတစ်ခုပင်ဖြစ်သည်။ သို့ရာတွင် ဝင်ကြေးပေးရန် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ယူသွားဆောင်ရန် မမေ့ပါနှင့်။ စေတီတော်ကြီးသည် အလွန်အမင်းနက်နက်ရှိုင်းရှိုင်း အလေးအမြတ်ထားသည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံဖြစ်ပြီး မြန်မာနိုင်ငံ၊ ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်းအတွက် ထူးမြတ်သောအဓိပ္ပာယ်ဆောင်နေသဖြင့် ဝတ်စားဆင်ယင်မှုနှင့် အပြုအမှုကို လေးလေးစားစားပြုမှုဆောင်ရွက်ရန် သတိပြုပါ။

ရွှေတိဂုံဘုရားသို့ရောက်ရှိရန်မှာ အလွန်လွယ်ကူပါသည်။ “ရွှေတိဂုံ” ဟူသော စကားလုံးပြောယုံမျှဖြင့် မည်သည့် တက္ကစီယာဉ်မောင်းမဆို သင့်ကိုရွှေတိဂုံအရောက် ပို့ဆောင်ပေးပါလိမ့်မည်။

ကိုလိုနီခေတ်ဗိသုကာလက်ရာမျာ

ရန်ကုန်မြို့သည် အရှေ့တောင်အာရှဒေသတွင် ကိုလိုနီခေတ်ဗိသုကာပညာ၏ အကောင်းဆုံးလက်ရာအချို့ ယခုတိုင် တည်ရှိနေဆဲနေရာဖြစ်သည်။

အလွယ်ကူဆုံးဝင်ရောက်လေ့လာနိုင်သည့်နေရာမှာ ရန်ကုန်မြို့လယ်ကမ်းနားလမ်းပေါ်ရှိ ကမ်းနားလမ်း ဟိုတယ်ဖြစ်သည်။ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ကမ်းနားလမ်းဟိုတယ်သည် ဈေးနှုန်းထိုက်တန်သင့်လျှော်မှု ရှိသည့် ဇိမ်ခံဟိုတယ်တစ်ခုဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားများနှင့် မြန်မာနိုင်ငံရောက်နိုင်ငံခြားသားများအား နှစ်သက်ဖွယ်ဆွဲဆောင်နေသော သောကြာနေ့မွန်းလွဲပိုင်း၊ အဖျော်ယမကာလျှော့ဈေးပေးသည့် ပျော်ရွှင်အချိန်ကို ဖန်တီးရာနေရာလည်းဖြစ်သည်။ ဟိုတယ်ကို ခန့်ညားထည်ဝါသည့်မျက်နှာစာ၊ မြင့်မြင့်မားမားမျက်နှာကျက်များ၊ ကျယ်ပြန့်သောခန်းမကြီးများနှင့် မမေ့နိုင်ဖွယ်အထူးဧည့်ဝတ်ကျေပွန်သည့်ဝန်ဆောင်မှုများဖြင့် အသားပေးဖော်ကျူး ထားသည်။

ကျောက်တံတားမြို့နယ်ရှိ မြို့အကွက် (ဘလောက်) တစ်ခုလုံးအပေါ်အပြည့်တည်ဆောက်ထားသည့် အတွင်းဝန်များရုံး (ဝန်ကြီးများရုံး) သည် မည်သည့်ဧည့်သည်အတွက်မဆို မလွဲမသွေကြည့်ရှုရမည့်စာရင်းတွင် ပါဝင် သင့်သော အခြားနေရာတစ်ခုဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည့်နေရာအဖြစ် သမိုင်းကြောင်းလည်းရှိသော အတွင်းဝန်များရုံးသည် ယခုအခါလုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိတော့ပဲ (အသုံးပြုခြင်းမရှိတော့ပဲ) အမှတ်တရအဆောက်အအုံအဖြစ်ရှိနေပေသည်။ အဆောက် အအုံဝန်းခြံအတွင်းသို့ ဧည်သည့်များဝင်ရောက်ခွင့်မပြုသော်လည်း ခြံဝန်းပြင်ပတ်ပတ်လည်တလျောက် လမ်း လျှောက်ရင်း ရန်ကုန်မြို့၏ ရှေးဟောင်းလှပတင့်တယ်မှုများ လျင်လျင်မြန်မြန်ပြောင်းလဲနေမှုနှင့် ကျယ်ပြန့်သည့် ခြံဝန်းကို ငေးမောကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

ဘာသာရေးဆိုင်ရာနေရာများ

စိန့်မေရီကက်သလစ်ဘုရားရှိခိုးကျောင်းသည် ကျောက်တံတားမြို့နယ်အတွင်း ဗိုလ်အောင်ကျော်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် အတွင်းဝန်များရုံးမှ ခဲတစ်ပစ်သာသာအကွာအဝေးတွင် တည်ရှိသည်။ ဘုရား ကျောင်းသည် ရန်ကုန်မြို့၏ ကက်သလစ်ဘာသာဝင် ဧရာမအသင်းဝင်အုပ်စုကြီး၏ ကိုးကွယ်ရာဖြစ်ပြီး တနင်္ဂနွေနေ့ နံနက်တိုင်းနှင့် ဘာသာရေးဆိုင်ရာနေ့ကြီးရက်ကြီးများတွင် အသင်းဝင်များ များစွာလာရောက်ကြသည်။ ဘုရားရှိခိုး ကျောင်း၏ မြင့်မြင့်မားမားထိပ်မိုးခေါင်ချွန်အမွှာမှာ ရန်ကုန်မြို့တစ်လွှား အပေါ်စီးနေရာအများအပြားမှ မြင်တွေ့ကြ ရသည်။ ဘုရားကျောင်းအဆောက်အအုံသည် ကမ္ဘာလှည့်ခရီးသွားအများအပြားကို အပတ်စဉ်ဆွဲဆောင်နေလျက် ရှိသည်။

ရန်ကုန်မြို့သည် အထင်ကရရွှေတိဂုံစေတီတော်ကြီးအပြင် မရေမတွက်နိုင်လုနီးပါး ဗုဒ္ဓဘာသာဆိုင်ရာ ကိုး ကွယ်ပူဇော်ရာ နေရာအများအပြား တည်ရှိရာဒေသဖြစ်သည်။ ကမ်းနားလမ်းပေါ်ရှိ ဗိုလ်တစ်ထောင်စေတီတော်ကြီး သည် ကြီးမားကျယ်ပြန့်သည့်ခြံဝန်းကြောင့် လူသိများထင်ရှားသည်။ တာမွေမြို့နယ်၊ ရွှေဂုံတိုင်လမ်းပေါ်ရှိ ခြောက်ထပ်ကြီးဘုရားသည် အလျား ၆၅ မီတာရှိ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပြီး အနီးအနားရှိ ငါးထပ်ကြီးဘုရားသည် အလွန်ကြီးမားသော ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်သည်။

လသာမြို့နယ်နေရာအစိတ်အပိုင်းတော်တော်များများကို လွှမ်းခြုံထားသည့် ချိုင်းနားတောင်းတွင် တရုတ် ဘုရားကျောင်းအတော်များများလည်းရှိသည်။ ကမ်းနားလမ်းပေါ်ရှိ ဖုဇင်ကန်ဟိုဘုရားကျောင်းနှင့် အနော်ရထာ လမ်းပေါ်ရှိ လိုင်အိုဆန်တာအိုဘုရားကျောင်း (နှစ်ခုလုံးဗုဒ္ဓဘာသာဘုရားကျောင်းများ) တို့သည် ထင်ရှားသည့်နမူနာ များဖြစ်သည်။

ထို့ပြင် သင့်အနေဖြင့်လေ့လာကြည့်ရှုစရာ အနော်ရထာလမ်းပေါ်ရှိ ရှရီကာလီနှင့် ၅၁ လမ်းရှိ မဟာပိန္နဲကဲသို့ ဟိန္ဒူဘုရားကျောင်းများလည်းရှိသည်။

မန္တလေး

ရန်ကုန်မြို့သည် ဆိပ်ကမ်းမြို့ကြီးဖြစ်သည့်အားလျှော်စွာ မြို့ကြီးပြကြီးအသွင်အပြင်လက္ခဏာအတော်များ များ ရှိနေသည်ဟုဆိုလျှင် မန္တလေးမြို့မှာ မြန်မာ့ရိုးရာအငွေ့အသက် ပိုမိုများပြားပြီး မတူညီကွဲပြားစွာ ပိုမိုနှေးကွေး သော အရှိုန်အဟုန်ဖြင့် ခေတ်ကိုအမီလိုက်နေသည်ဟု ဆိုနိုင်သည်။ မန္တလေးမြို့သည် မြင့်မားသောမြို့ရိုးများနှင့် ကျယ်ပြန့်သောကျုံးရေပြင်တို့ဖြင့် ပတ်ဝိုင်းကာတည်ရှိနေသော ရှေးဟောင်းနန်းတော်ကို ဝိုင်းပတ်လုနီးပါးမြို့ကွက် တည်ရှိနေသည်။ နန်းတော်သို့သွားရောက်လည်ပတ်ခြင်း၊ မန္တလေးတောင်ပေါ်သို့ လမ်းလျှောက်တက်ကာ တစ်မြို့လုံး မြင်ကွင်းကို အပေါ်စီးမှခံစားကြည့်ရှုခြင်း၊ အမရပူရရှေးဟောင်းမြို့သို့ ခရီးသွားရောက်ခြင်းနှင့် ဦးပိန်တံတား၏ သာယာကြည်နူးဖွယ်ရှုခင်းအလှကို ဓာတ်ပုံရိုက်ကူးခြင်းစသည့် ခရီးသွားဧည့်သည်များအတွက် လေ့လာကြည့်ရှုခံ စားဖွယ် နေရာအတော်များများ မန္တလေးတွင်ရှိနေသည်။

နန်းတော်

မန္တလေးနန်းတော်သည် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ စံမြန်းခဲ့ရာနေရာဖြစ်ပြီး သီပေါဘုရင်သည် ဗြိတိသျှ တို့ ကျူးကျော်သိမ်းပိုက်သည့်အခါ ပြည်နှင်ဒဏ်ပေးခြင်းခံခဲ့ရသည်။ သို့ရာတွင် ယနေ့အထိ မြို့ထဲတွင်ထင်ရှားသော ဗိသုကာလက်ရာများ ကြွင်းကျန်နေဆဲဖြစ်သည်။ နန်းတော်သည် ခန့်ညားထယ်ဝါသောမျက်နှာစာရှိသည့်တိုင်အောင် ခရီးသွားများ၏စိတ်ဝင်စားမှုကို များစွာဆုပ်ကိုင်နိုင်ခြင်းမရှိပေ။ နန်းတော်အတွင်းတွင် မင်းတုန်းမင်း၏အုတ်ဂူတော်၊ ယှဉ်ကျေးမှုပြတိုက်တစ်ခု၊ ဘုရင်များစံမြန်းရာမှန်နန်းဆောင်နှင့် ၃၃ မီတာအမြင့်ရှိ နန်းမြင့်မျှော်စင်တို့ရှိသည်။

မဟာမြတ်မုနိဘုရား

၁၇၈၄ ခုနှစ်တွင် ဘိုးတော်ဘုရားမင်းတရားလက်ထက် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ဘုရင့်နိုင်ငံကို တိုက် ခိုက်အောင်မြင်ခဲ့ရာတွင် စစ်နိုင်သိမ်းပိုက်ပစ္စည်းများအနက် မဟာမုနိဗုဒ္ဓရုပ်ပွားတော်ကြီးသည်လည်း အပါအဝင်ဖြစ် ခဲ့သည်။

ဉာဏ်တော်အမြင့် ၄ မီတာခန့်နှင့် ကြေးညိုဖြင့်သွန်းလောင်းထားသော ရုပ်ပွားတော်ကြီးသည် မြန်မာ ဗုဒ္ဓဘာသာဝင်များ၏ အလွန်မြတ်နိုးကြည်ညိုခြင်းခံရပြီး ဗုဒ္ဓဘာသာဝင်အမျိုးသားထောင်ပေါင်းများစွာသည် နှစ်စဉ် နှစ်တိုင်းပင် ရုပ်ပွားတော်ကြီးအား လာရောက်ရွှေချကြသည်။

မန္တလေးတောင်

မန္တလေးသို့လာရောက်လည်ပတ်ခြင်းသည် မန္တလေးတောင်သို့ အလည်အပတ်မရောက်ပဲနှင့် ပြီးပြည့်စုံလိမ့် မည်မဟုတ်ပါ။ ၂၃၀ မီတာအမြင့်ရှိသည့် မန္တလေးတောင်သည် မြို့ကိုအပေါ်စီးမှ လွှမ်းခြုံမြင်ရသည့်မြင်ကွင်းကို ဖန်တီးပေးသည်။ ထို့ပြင်တောင်ပေါ်သို့တက်ရာလမ်းတလျောက် စိတ်ဝင်စားဖွယ်ဗိမာန်များ၊ နတ်ကွန်းများ၊ ဘုရားဖူး များအတွက် နားနေဆောင်များနှင့် ပြည့်နှက်လျက်ရှိသည်။

မင်းကွန်း

မန္တလေးမြို့မှ ၁၁ ကီလိုမီတာခန့်အကွာ ဧရာဝတီမြစ်ညာတွင် မင်းဘူးမြို့တည်ရှိသည်။ မင်းဘူးမြို့တွင် မယုံကြည်နိုင်ဖွယ်အုတ်ပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းကြီးနှင့် ခရီးသည်များလေ့လာစရာ အခြားဘာသာ ရေး အဆောက်အအုံ အများအပြားရှိသည်။

မင်းကွန်းပုထိုးတော်ကြီး တည်ဆောက်မှုကို ဘိုးတော်ဘုရားမှ ၁၇၉၀ ပြည့်နှစ်တွင် စတင်တည်ဆောက်စေခဲ့ ခြင်းဖြစ်သည်။ ဘိုးတော်ဘုရားမှာ ရခိုင်ကိုတိုက်ခိုက်သိမ်းပိုက်ပြီး မဟာမုနိဗုဒ္ဓရုပ်ပွားတော်ကို မန္တလေးသို့သယ်ယူခဲ့ သည့် ဘုရင်ပင်ဖြစ်သည်။ ပုထိုးတော်ကြီးကို အလွန်မြင့်မားသည့် မီတာ ၁၅၀ အထိ အမြင့်ရှိအောင် ရည်မှန်းပြီး အုတ်ဖြင့်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ၁၈၁၉ ခုနှစ် ဘုရင်နတ်ရွာစံချိန်တွင် ဘုရားတည်ဆောက်မှု ရပ်ဆိုင်းခဲ့ သည်။ ၁၈၃၈ ခုနှစ်တွင် လှုပ်ခတ်ခဲ့သောမြေငလျှင်က တည်ဆောက်မှုပြန်လည်စတင်နိုင်မည့် အခွင့်အရေးအား လုံးကို အဆုံးသတ်စေခဲ့သည်။ တည်ဆောက်ပြီးအဆောက်အအုံပေါ်တွင် ဧရာမအက်ကြောင်းကြီးများ ကျန်ရစ်စေခဲ့ သည်။ အဆိုပါပုထိုးတော်ကြီးပေါ်သို့ ယနေ့တိုင်တက်ရောက်နိုင်ဆဲဖြစ်သည်။ သို့ရာတွင် သတိပေး စကားတစ်ခွန်းမှာ - ဤနေရာသည် ဘာသာရေးဆိုင်ရာနေရာတစ်ခုဖြစ်ပြီး သင့်အနေဖြင့် ရူးဖိနပ် (သို့မဟုတ်) ကြိုးသိုင်းဖိနပ်များ ဝတ်ဆင်ခွင့်မရှိသဖြင့် ပူပြင်းသည့်နေ့အချိန်တွင် တက်ရောက်ပါက သင့်ခြေထောက်များ အပူလောင် မည်ဖြစ်သည့် အတွက် ထိုနေရာသို့ နံနက်စောစောရောက်ရှိအောင် ကြိုးစားပါ ဟူ၍ပင်ဖြစ်သည်။

ပုထိုးကြီးနှင့် အနီးအနားလမ်းတစ်ခုပေါ်တွင် တန်ချိန် ၉၀ ရှိ ကြေးသွန်းခေါင်းလောင်းဖြစ်သော မင်းကွန်း ခေါင်းလောင်းကြီးရှိသည်။ မင်းကွန်းခေါင်းလောင်းကြီးမှာလည်း ဘိုးတော်ဘုရားမှ ၁၈၀၈ ခုနှစ်တွင် သွန်းလုပ် စေခဲ့ခြင်းဖြစ်သည်။

ဟဲဟိုး

ဟဲဟိုးလေဆိပ်သည် ရှမ်းပြည်နယ်၏အငွေ့အသက်အတော်များများ ဖြည့်စွမ်းပေးသည်။ အမှန်တကယ်ပင် သာမန်လေဆိပ်တစ်ခုထက် အနည်းငယ်ပိုလွန်နေသော်လည်း ခရီးသွားများသည် ပိုမိုသာယာပျော်ရွှင်ဖွယ် စိတ်ဝင် စားမှုပေးနိုင်သော အင်းလေး၊ တောင်ကြီး (သို့မဟုတ်) ကလောစသည့် နေရာဒေသများသို့ အလျင်အမြန်ပင် သွားရောက်ကြမည်ဖြစ်သည်။

အင်းလေးကန်

အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများဆွဲဆောင်ရာ အဓိကနေရာများအနက် တစ်ခု ဖြစ်ပြီး အဘယ်ကြောင့်အဓိကဆွဲဆောင်ရာနေရာတစ်ခုဖြစ်ရသည်ကို ထိုနေရာသို့ရောက်ရှိသည့်အခါ အလွယ်တကူ မြင်တွေ့ရမည်ဖြစ်သည်။ အင်းလေးကန်သည် အလွန်ကြီးမားကျယ်ပြန့်သော ရေချိုကန်ကြီးဖြစ်ပြီး အတိုင်းအတာ အားဖြင့် မိုးလေမှန်သည့်နှစ်တွင် အလျား ၂၂ ကီလိုမီတာခန့်နှင့် အကျယ်ဆုံးနေရာတွင် ၁၁ ကီလိုမီတာရှိသည်။

ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ၎င်းတို့၏ဘဏ္ဍာရေးအခြေအနေပေါ်မူတည်၍ ကန်နှင့်အနီးကပ်ဆုံး ညောင်ရွှေမြို့ရှိ ဈေးအသက်သာဆုံးတည်းခိုခန်းမှသည် ကန်ရေပြင်ပေါ်မှ ဇိမ်ခံဟိုတယ်များ (သို့မဟုတ်) ကန်ပတ် လည်တောင်ကုန်းများပေါ်ရှိ အပန်းဖြေစခန်းများအထိ တည်းခိုစရာစိတ်ကြိုက်ရွေးချယ်ခွင့် အများအပြားရှိနေ သည်။

အင်းလေးကန်၏ အဓိကဆွဲဆောင်မှုမှာ လှေဖြင့်အလည်ခရီးထွက်ရခြင်းဖြစ်သည်။ လှေစီးခရီးဖြင့် ဧရိယာ အတွင်း ကျော်ကြားထင်ရှားဆုံး ဖောင်တော်ဦးဘုရား၊ ကြောင်ခုန်ဘုန်းတော်ကြီးကျောင်း၊ ဆေးလိပ်ခုံများ၊ ငွေပန်း ထိမ်လုပ်ငန်းများနှင့် ယက္ကန်းစင်များသို့ သွားရောက်နိုင်သည်။

ကလော

အင်းလေးကန်သည် ငြိမ်သက်နေသောရေပြင်ပေါ်ကိုဖြတ်လျက် တငြိမ့်ငြိမ့်ပြေးလွှားနေသည့် စက်တပ်လှေ အတွင်း အေးအေးလူလူလိုက်ပါလျက် ရှုခင်းငေးမောကြည့်ရှုခြင်းဟုဆိုလျှင် ကလောမြို့၏ အဓိကဆွဲဆောင်နေမှု များမှာ တိုင်းရင်းသားကျေးရွာငယ်များ (သို့မဟုတ်) အနီးအနားရှိရေလှောင်ကန်သို့ သွားရောက်လည်ပတ် လေ့လာ ရန် ပတ်ဝန်းကျင်တောင်ကုန်းများပေါ်သို့ တက်ရသည့် ခြေလျင်တောင်တက်ခရီးကြမ်းများနှင့် ပင်းတယ (သို့မဟုတ်) ပြဒါးလင်းဂူသို့ သွားရောက်လေ့လာရသည့် နေ့ချင်းပြန်ခရီးများပင်ဖြစ်သည်။

တောင်ကြီး

နှစ်ပေါင်းများစွာတိုင်အောင် တောင်ကြီးမြို့ကို အထူးသဖြင့် ခရီးသွားများက ကောင်းစွာအသိအမှတ်မပြုခဲ့ ပေ။ ခရီးသွားများက တောင်ကြီးမြို့ကို အချို့သောစိတ်ဝင်စားဖွယ်ဈေးများနှင့် ဗိသုကာလက်ရာများကြောင့် အဓိက အားဖြင့် စီးပွားရေးမြို့တစ်မြို့အဖြစ်သာ ရှုမြင်ခဲ့ကြသည်။

သို့ရာတွင် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း တောင်ကြီးမြို့အနီးတွင် မြန်မာစပျစ်ခြံကို တည်ထောင်ခဲ့ သည်။ ဝိုင်သောက်သုံးလိုသော တိုးပွားလာသည့်ဒေသခံများအတွက် နှစ်သက်ဖွယ်စပျစ်ရည်ကို ထုတ်လုပ်နိုင်ခဲ့သည့် အပြင် ဝိုင်လုပ်ငန်းမှ ဟိုတယ်နှင့် တည်းခိုခန်းများဖွင့်လှစ်ကာ အားလပ်ရက်တွင် အေးချမ်းသာယာစိတ်ငြိမ်သည့် ပတ်ဝန်းကျင်ကို လာရောက်ခံစားရန် ဧည့်သည်များအား ခွင့်ပြုပေးထားခဲ့သည်။

ပုဂံ

ပုဂံမြို့သည် ကမ္ဘောဒီးယားနိုင်ငံ၏ ပျောက်ဆုံးနေသောမြို့တော်အန်ကောဝပ်နှင့် ပမာဏအတော်များများ တူညီကြသည်။ သို့ရာတွင် အန်ကောဝပ်ရှိ ဂူဘုရားများမှာ အတော်အတန်နီးနီးကပ်ကပ် စုစည်းတည်ဆောက်ထား သည်။ ပုဂံရှိဘုရားပုထိုးများနှင့် အမွေအနှစ်များမှာမူ ၄၂ စတုရန်းကီလိုမီတာ ကျယ်ပြန့်သည့် လွင်ပြင်ပေါ်တွင် တစ်ခု နှင့်တစ်ခု ကွာခြားလျက်ပြန့်ကျဲတည်ရှိနေကာ အရေအတွက်ထောင်ပေါင်းများစွာ ရှိနေသည်။

မြန်မာနိုင်ငံ၏စံနှုန်းအရ ပုဂံသည် လည်ပတ်ရန်နေရာဒေသတစ်ခုအဖြစ် ကောင်းစွာဖွံ့ဖြိုးတိုးတက်လျက်ရှိ ပြီး ပုဂံတွင်လေယာဉ်ကွင်းရှိသည့်ပြင် ဧရာဝတီမြစ်ကြောင်းတစ်လျောက် မန္တလေးသို့ချိတ်ဆက်ထားသော အမြန်ရေ ယာဉ်များလည်းရှိသည်။ ပုဂံမြို့ဟောင်းရှိ အဓိကဘုရားပုထိုးများအနီးမှ တည်းခိုစရာများ၊ အနီးအနားရှိ အကြီးဆုံးမြို့ ဖြစ်သော ညောင်ဦးမြို့မှ တည်းခိုစရာများ (သို့မဟုတ်) ပုဂံမြို့ဟောင်းနှင့် မဆိုသလောက်ကွာဝေးသော ပုဂံမြို့သစ်မှ တည်းခိုစရာနေရာများအားလုံးသည် ဈေးနှုန်းအစားစားရှိပြီး သင့်လျော်ကြသည်။

နေ့ချင်းပြန်ခရီးသွားရောက်လိုသူများအနေဖြင့် ညောင်ဦးမြို့မှ မော်တော်ယာဉ်ဖြင့် ၁ နာရီကြာ ခရီးအကွာ အဝေးရှိ ပုပ္ပါးတောင်ထိပ်မှဘုရားသို့ သွားရောက်လည်ပတ်နိုင်ကြမည်ဖြစ်သည်။